မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

17_Pic_01

နိုဝင်ဘာ ၁၆ ၊ မကွေး

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း နှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ဆရာမကြီး ဒေါ်ခင်ခင်ဝင်း ဦးစီးသော ကြယ်စင်ကောင်းကင်နေ့ရင်ခွင် ကိုယ့်အားကိုယ်ကိုး စေတနာမူကြိုကျောင်းသို့သွားရောက်ခဲ့ကြပြီး ကျောင်း၏ ကော်မတီအဖွဲ့ဝင်များ၊ ကလေးငယ်များ၏ မိဘများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်ကဏ္ဍနှင့်ပတ်သက်၍ ကလေးငယ်များဦးနှောက်ဖွံ့ဖြိုးတိုး တက်စေရန်နှင့်၊ ကိုယ်ခန္ဓာပုံမှန် ကြီးထွားစေရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေဖြင့်လည်ကောင်း၊ ကလေးသူငယ်များ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေဖြင့်လည်ကောင်း ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနက ဖွင့်လှစ်ပေး လျက်ရှိသော နေ့ကလေးထိန်းကျောင်းများ၊ မိခင်ဝိုင်းများ၊ မူကြိုကျောင်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လုံလောက်မှုမရှိသေးပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိက ကပါဝင်ဆောင်ရွက်မှု အရေးကြီးကြောင်း၊ နည်းပညာများကို အစိုးရကပံ့ပိုးပေးမည်ဖြစ်၍  ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ သင်တန်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဥပဒေနှင့်အညီ ပုဂ္ဂလိက မူကြိုကျောင်းများဖွင့်လှစ်ကြရန် အားပေးလိုကြောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကိုလည်း သတ်မှတ် ချက်များနှင့်အညီ ထောက်ပံ့ပေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြယ်စင်ကောင်းကင်နေ့ရင်ခွင် ကိုယ်အား ကိုယ်ကိုးစေတနာ မူကြိုကျောင်း အတွက် သတ်မှတ်ထောက်ပံ့ငွေများ ကိုပေးအပ်ခဲ့ပြီး ကလေးငယ်များအတွက် ဆက်လက် ထောက်ပံ့ပေး နိုင်ရေးလိုအပ်ချက်များ ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြြပီး မူကြို ကျောင်းအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော တရုတ်ကော မူလတန်း ကြိုကျောင်းသို့ သွားရောက်ကြည့်ရှု့ကြပြီး ကလေးငယ်များအား ကစားစရာနှင့်အာဟာရမုန့်များ ပေးဝေခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့သို့ရောက်ရှိကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌  မသန်စွမ်းသူများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပြည်သူများ လတ်တလော အကျိုးခံစားမှုများ ရရှိအောင် ဆောင်ရွက်သကဲ့သို့ ရေရှည်အကျိုးရှိစေရန်လည်း မျှော်မှန်း၍ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ဖော်ဆောင်ပြီး လုပ်ငန်းစီမံချက်များ ချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် ကိုယ်ဝန်ဆောင်မိခင်မှစ၍ သက်ကြီးအရွယ်အထိ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနာဂတ်လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ကလေးငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက် ပေးလျက်ရှိသည့် နေ့ကလေးထိန်းကျောင်းများ၊ မိခင်ဝိုင်းများ ရေရှည်တည်တံ့စေရန် အရေးကြီး ပါကြောင်း၊ ထို့အတွက် ထောက်ပံ့မှုများကို ပုံမှန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မိခင်ဝိုင်းအသစ်များ ထပ်မံဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်  ကနဦးထောက်ပံ့ ပေးပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနား၌ ထပ်မံရရှိသော စာရင်းများအရ ထောက်ပံ့မှုများ ထပ်မံပေးအပ်မည်ဖြစ်ကြောင်း၊ မသန်စွမ်းအဆင့်ခွဲခြားခြင်းနှင့် မှတ်ပုံတင်ခြင်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင့် စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ဆောင်ပုဒ်သည်လည်း “အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်း လူ့အခွင့် အရေးဖော်ဆောင်စို့” ဟူ၍ဖြစ်ရာ မသန်စွမ်းသူများအတွက် အဟန့်အတားအနှောက် အယှက်ကင်းအောင် ဆောင်ရွက်ပေး၍ စွမ်းနိုင်သမျှစွမ်းအောင် ပံ့ပိုးကူညီပေးခြင်းဖြင့် မသန်စွမ်းသူများ၏ လူ့အခွင့်အရေးကို ဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် အစိုးရအနေဖြင့် ပြည်သူများအတွက် သိသာထင်ရှားသော ပြောင်းလဲမှုများကို ဖော်ဆောင်လျက်ရှိရာ အမှန်အတိုင်း ရှုမြင်ရန် အရေးကြီးကြောင်း၊ အခက်အခဲများရှိသော်လည်း ပြည်သူများ၏ ပူးပေါင်းမှုအင်အားဖြင့် ကျော်လွှားနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မိခင်ဝိုင်း (၃၄) အတွက် ထောက်ပံ့ငွေကျပ် ( ၁၇၈.၆၅) သိန်း၊  ထပ်မံဖွင့်လှစ်မည့် မိခင်ဝိုင်းအသစ် (၁၀) ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၄၆.၅၆၂) သိန်း၊  ထပ်မံရှိသော စာရင်းများအရ မသန်စွမ်းသူ (၁၂,၂၀၇) ဦးအတွက် ထောက်ပံ့ငွေကျပ်(၃၆၆၂.၁၀)သိန်း၊ မင်းဘူးမြို့နယ်နှင့် နတ်မောက်မြို့နယ် အတွင်းရှိ မိခင်ဝိုင်းများအတွက် သင်ထောက်ကူပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသော မသန်စွမ်း သူများအားထောက်ပံ့ကြေးငွေများကို လက်ဝယ်အရောက်ပေးအပ်ခြင်းနှင့် ကလေးငယ်များအား ကစားစရာအရုပ်များနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် မကွေးမြို့၊ ကန်လှကျေးရွာရှိ မိခင်ဝိုင်းအမှတ် (၃) တွင်  ကျေးရွာရှိမိဘများ လုပ်ငန်းခွင်ဝင်ချိန်တွင် ကလေးများကို စနစ်တကျ ပြုစုစောင့်ရှောက်ပေးနေမှု လက်တွေ့ဆောင်ရွက်ခြင်းကို ဝင်ရောက်ကြည့်ရှုလေ့လာပြီး ကလေးငယ် များအတွက် သင်ထောက်ကူ ပစ္စည်းများ၊ အာဟာရမုန့်နှင့်ကစားစရာများ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#mgy_nov2019

 Source:   MSWRR

 

Sign Up

Upcoming Events