မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း စာတမ်းမိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

စက်တင်ဘာ၁၆၊နေပြည်တော်
မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှုများအား ဆန်းစစ် လေ့လာခြင်း စာတမ်းမိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ Royal Naypyitaw ဟိုတယ်၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တက်ရောက်အမှာစကားပြောကြားပါသည်။
ဒုတိယဝန်ကြီးကပြောကြားရာတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု များအား ဆန်းစစ်လေ့လာခြင်း စာတမ်းကိုမြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ နယ်သာလန်နိုင်ငံ သံရုံး၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် The Leporsy Mission Myanmar နှင့်ပူးပေါင်းကာမြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ကြုံတွေ့ နေရသော မသန်စွမ်းမှုဆိုင်ရာအတားအဆီးများ၊ ခွဲခြားဆက်ဆံခံရမှုနှင့် အကျုံးဝင်ပါဝင်ခြင်းဆိုင်ရာအတွေ့အကြုံများ ကိုအခြေခံပြီး ဒီစာတမ်းကိုပြုစုရန်စီစဉ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ စာတမ်း၏ အဓိကရည်ရွယ်ချက် (၄) ချက် ဖြစ်သည့်မသန်စွမ်းသူများကြုံတွေ့နေရသော အလုပ်အကိုင်ရှာဖွေရာတွင် ခွဲခြားဆက်ဆံံရမှုများ၊ အတားအဆီးများနှင့် အကျုံးဝင်ပါဝင်နိုင်ရေးအတွက် လိုအပ်ချက်များကို လေ့လာဆန်းစစ်နိုင်ရန်၊ မသန်စွမ်းသူများ၏အတွေ့အကြုံ အခြေပြုသုတေသနစစ်တမ်းများကောက်ယူခြင်းဖြင့် ခိုင်မာသောသက်သေ အထောက်အထားများထွက်ပေါ်လာ စေရန်၊ မသန်စွမ်းသူများကြုံတွေ့နေရသည့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အခက်အခဲများအတွက် အကြံပြု ချက်များ ဖော်ထုတ်နိုင်ခြင်းဖြင့် နောင်ပြုလုပ်မည့်မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၏ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းစဉ်များကို ပိုမိုအထောက်အကူပေးနိုင်စေရန်၊ ကောက်ယူရရှိသော အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက် သည့် သုတေသနစစ်တမ်းများကို အခြေခံလျက် အစိုးရအပါအဝင် လုပ်ငန်းနယ်ပယ်အသီးသီး၌ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများနှင့် တကွတင်ပြဆွေးနွေးခြင်းပြုလုပ်နိုင်ရန် စသောရည်ရွယ်ချက်များဖြင့် စာတမ်းကိုပြုစုခဲ့တာကိုတွေ့ရှိရပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာအမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးပြည်နယ်အဆင့်ဆင့် ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန် သတ်မှတ်ထားမှုများရှိထားပြီးဖြစ်ကြောင်း လုပ်ငန်းကော်မတီ၏ တာဝန်များတွင်ပါဝင်သော မသန်စွမ်းသူများအား ဝေပုံကျနှုန်းထားအတိုင်း အလုပ်ခန့်ထားရေးဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုတို့ကို လေ့လာစောင့်ကြည့်ခြင်း၊ မသန်စွမ်းသူများအတွက်အတားအဆီးကင်းသော လုပ်ငန်းခွင်ဖန်တီးရေးနှင့် စွမ်းဆောင် ရည်မြင့်မားရေးဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်ရန်အတွက် ယခုစာတမ်းကများစွာ အထောက် အကူပြုမည် ဖြစ်ပါကြောင်း၊မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) ၏ အခန်း(၁၀) တွင် မသန်စွမ်းသူများ အလုပ် အကိုင်အခွင့်အလမ်းရရှိရေးဆိုသည့် အခန်းအောက်မှပုဒ်မများနှင့် လည်းချိတ်ဆက်နိုင်မှာဖြစ်ကြောင်း၊ ယခု စာတမ်း၏ အခန်း (၆) တွင်ပါဝင်သော သုံးသပ်ချက်နှင့်အကြံပြုချက်များက မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့် အလမ်းများအပေါ် သက်ရောက်မှုများရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်များ၊ မသန်စွမ်းအရေးကို တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့်အဖွဲ့အစည်းများအပြင်မသန်စွမ်းသူများ ကိုယ်တိုင်သက်ဆိုင်ရာ ကဏ္ဍများ အလိုက်တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဖြင့်ပြောကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဌကစာတမ်းပြုစုရသည့်အကြောင်းရင်းများကို ရှင်းလင်းတင်ပြပါသည်။
ဒုတိယပိုင်းအစီစဉ်တွင် ပါမောက္ခဒေါက်တာခင်မေသန်း(ငြိမ်း)စာရင်းအင်း ပညာဌာနကစာတမ်းပြုစုရာတွင် လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီးတက်ရောက်လာ သူများမှသိလိုသည် များကို မေးမြန်းခြင်းနှင့်တာဝန်ရှိသူများကပြန်လည်ဖြေကြားခြင်းအစီအစဉ်များပြုလုပ်ခဲ့ပါသည်။
ထို့နောက်မသန်စွမ်းသူများအသင်းချုပ်အထွေထွေအတွင်းရေးမှူးကကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။
၎င်းအခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ကော်မတီမှတာဝန်ရှိသူများ၊မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှအလုပ်အမှုဆောင်များ၊တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှမသန်စွမ်းအသင်းများ၏တာဝန်ရှိသူများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl2
#npw_sep2019

Sign Up

Upcoming Events