အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပ

စက်တင်ဘာ၁၁၊နေပြည်တော်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း ခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဒုတိယသမ္မတ-၂ ဦးဆောင်သော အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းထားရှိပြီး အမျိုးသားကော်မတီ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၁၂) ခုကိုဖွဲ့စည်းထားရှိကြောင်း၊ ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးဒဏ်များကို ပိုမိုခံစားရလျက်ရှိရာ ကမ္ဘာ့နိုင်ငံများကလည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါး ရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာကချမှတ်ထား သည့် မူဘောင်များကိုလိုက်နာ ဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံဒေသတွင်း သဘောတူညီချက် များ ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၁၅)ရပ်နှင့် အညီ လုပ်ငန်းကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ မှန်ကန်သည့် သတင်းအချက် အလက်များ ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်ပွားပါက အလျင် အမြန် တုံ့ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ ဘေးဒဏ်ခုခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ အလိုက် သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် အခြေခံလိုအပ်သော အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ သာမကခေတ်မီနည်းပညာသုံး အသက်ကယ်ပစ္စည်းကိရိယာများ အသင့်ရှိရန်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံ ချက်များ၊ စီမံကိန်းများရေးဆွဲ၍ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အမျိုးသား ကော်မတီမှ သဘာဘေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ကိုဖွဲ့စည်းထားရှိပြီး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ပညာရှင်များ၏ အကြံပြုချက်များရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်မှု၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ သတင်းမှန်ဖြစ်မှုများအရေးကြီးကြောင်း၊ ပြည်သူနှင့် အနီးစပ်ဆုံးရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်လည်း ကြိုးစား ဆောင်ရွက် ပေးစေလိုကြောင်း၊ သဘာဝဘေးဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာ စတင်ဆောင်ရွက် နိုင်ရန်မှာလည်း အရေးကြီးကြောင်း၊ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ၂၀၁၈ခုနှစ်မှစတင်ဖွဲ့စည်းထားရှိပြီး ထိုအဖွဲ့၏ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၁၈ ခုနှစ် ရေဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးနှင့် အကျိုးရှိစွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ ၏ လှူဒါန်းမှုများကိုလည်း အလျင်အမြန်တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာ သုံးစွဲလျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် အခြားလုပ်ငန်းကော်မတီများနှင့်လည်း လုပ်ငန်းကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်းပြောကြားပါသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသားကော်မတီ၏ လမ်းညွှန်ချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရန်ပုံငွေများ စနစ်တကျသုံးစွဲမှုအခြေအနေ၊ ၂၀၁၈ခုနှစ် ရေဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ယခုနှစ်ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုအခြေအနေ၊ ပြန်လည်ထူ ထောင်ရေးများစတင်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_sep2019

Sign Up

Upcoming Events