အမျိုးသားမူးယစ်ဆေးဝါးမူဝါဒနှင့် ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါး ဥပဒေကို ယှဉ်တွဲသုံးသပ်ထားသည့် အစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

နေပြည်တော်၊ ၁၄.၃.၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသော အမျိုးသားမူးယစ်ဆေးဝါးမူဝါဒနှင့် ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါးဥပဒေကို ယှဉ်တွဲ သုံးသပ်ထားသည့် အစီရင်ခံစာမိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်လျှင် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့် ဥပဒေရှိပါကြောင်း၊ ၎င်းဥပဒေနှင့် မူဝါဒများသည် ပြည်သူများအတွက် ဘယ်လောက်အကျိုးရှိမည်ကို ပြည်သူများသိရှိရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များရှိပါက အသေးစိတ် လေ့လာရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ ရောက်ရှိသူနည်းပါးကြောင်း၊ မူးယစ်ဆေး ဝါးသုံးစွဲမှုကြောင့် အကျဉ်းထောင်များတွင် နှစ်ရှည်နေထိုင်ရ၍ ဘဝ၏ အကောင်းဆုံးအချိန်များ ဆုံးရှုံး နေရကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူမှုသည် ပိုမိုရှင်းလင်းပြတ်သား သောဥပဒေ လိုအပ်ကြောင်း၊ လူသားအရင်းအမြစ်မှာရှားပါးကြောင်း၊ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများလိုအပ်ကြောင်း၊ ဒီနေ့ မိတ်ဆက်ခြင်းအခမ်းအနားမှရရှိချက်များသည် အထောက် အကူရရှိမည်ဖြစ်ကြောင်း၊ ရေးဆွဲပြီးမူဝါဒတွင် နိုင်ငံတကာ၏ ကောင်းသောအလေ့အကျင့်များ၊ မူဘောင် များနှင့် ကိုက်ညီမှုရှိကြောင်းကိုသိရှိရပါကြောင်း၊ မူးယစ်ဆေးဝါးသည် လူငယ်များနှင့် လူထုအကြားတွင် ကြီးထွားလာသော ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ဖို့လိုသလိုမူးယစ်ဆေးဝါးစွဲလန်းသူများကိုဆေးဖြတ်ကုသပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့မှာလည်းအရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ် ဖြေရှင်းကြရာတွင် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားလုံးပါဝင်ပေါင်းစပ်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရာတွင် ဟန်ချက်ညီစေရန်လည်းလိုအပ်ကြောင်းပြောကြားပါသည်။
ဆက်လက်ပြီးပြောကြားရာတွင် မြန်မာနိုင်ငံတွင် အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ထုတ်ပြန်ကြေညာထားပြီး ဖြစ်သလိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေ၊ ပြင်ဆင်သည့် ဥပဒေနှင့်နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ကြောင်း၊ အဆိုပါမူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများသည် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်သည့် အနေအထားမျိုးဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ယနေ့တင်ပြသည့် အစီရင်ခံစာသည်လည်းမူဝါဒနှင့် ဥပဒေများကိုယှဉ်တွဲ လေ့လာသုံး သပ်ထားသည့် အစီရင်ခံစာဖြစ်၍ သုတေသနတစ်ရပ်အဖြစ် မှတ်ယူနိုင်ကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့်အချက်များကို မြင်တွေ့ရမှာဖြစ်ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားခဲ့ပါသည်။
ယနေ့မိတ်ဆက်သည့် သုံးသပ်ချက် အစီရင်ခံစာသည် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် စောမွန် လူမှုဖွံ့ဖြိုးရေးအသင်းက ပြုစုတင်ပြသည့် အစီရင်ခံစာဖြစ်ကြောင်းသိရှိရပါသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

#hl1
#npw_mar2019

Sign Up

Upcoming Events