ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

14 Pic 02 14 Pic 03

နေပြည်တော်၊ မတ် ၁၃
(၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံခေါင်းဆောင်များက သဘောတူညီခဲ့ကြသော ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံက ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာ ကူညီမှုဆိုင်ရာအာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါသဘောတူညီချက်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အာဆီယံ အတွင်းရေးမှူးချုပ်၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူး တို့ပါဝင်သည့် အဆင့်မြင့် အရာရှိကြီးများနှင့် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် လိုအပ်ချက်များနှင့် အာဆီယံမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍရပ်များကို ဆန်းစစ်ဖော်ထုတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
လိုအပ်ချက်များကိုလေ့လာဆန်းစစ်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၁၀) ဦးပါဝင်သည့် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN Emergency Response and Assessment Team-ERAT) သည် မတ်လ (၄) ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဆန်းစစ်လေ့လာမှုဆောင်ရွက်ရာတွင် ASEAN ERAT အဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေး အတွက် မတ်လ (၅) ရက်နေ့တွင် သင်တန်းပို့ချပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ မတ်လ(၆)ရက် နေ့တွင် ASEAN ERATအဖွဲ့သည် ပြည်ထောင်စုဝန်ကြီးအားတွေ့ဆုံပြီးဆန်းစစ်လေ့လာမှုလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လမ်းညွှန်မှုခံယူခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်၍ (UEHRD) ကိုဖွဲ့စည်းကာလုပ်ငန်းအဖွဲ့များဖြင့် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြန်လည် ဝင်ရောက် လာသူများအတွက် လုံခြုံစိတ်ချပြီးလူ့ဂုဏ်သိက္ခာနှင့်အညီနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများ၊ အဆိုပါ အစီအစဉ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများ သိရှိနိုင်စေရန် သတင်းပြန်ကြားဆက်သွယ်ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြန်လည်လက်ခံရေးအတွက် ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ASEAN ERAT အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ကြပြီး မတ်လ(၇)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်နယ်အဆင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ လိုအပ်သည့် လမ်းညွှန်မှုများခံယူခဲ့ပါသည်။
ယင်းနောက် ASEAN ERAT အဖွဲ့သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိမောင်တောမြို့၊ လှဖိုးခေါင်ကြားစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် ပြန်လည်နေရာချထားပေးမည့်ကျေးရွာများတွင် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုများကိုသွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ ကွင်းဆင်း ဆန်းစစ်သည့်ကာလအတွင်း ASEAN ERAT အဖွဲ့ဝင်များသည် ပြန်လည်ဝင်ရောက်လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလက်တွေ့စမ်းသပ်ဆောင်ရွက်ခြင်း၊ စခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံမေးမြန်းခြင်း၊ စခန်းအတွင်းရှိ အခြေခံ အဆောက် အဦများ၊ လုံခြုံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စားသောက်နေထိုင်ရေး၊ နိုင်ငံသားစိစစ်ခံရမည့် သူများအတွက် သက်သေခံကဒ်ပြား ထုတ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ လူမှုသဟဇာတဖြစ်စေရေး အတွက် စီစဉ်ဆောင်ရွက်ထားမှုများနှင့် သံတမန်ရေးရာကိစ္စရပ်များကိုဆန်းစစ်လေ့လာခဲ့ကြပါသည်။ ထို့အပြင် အဖွဲ့ဝင်များသည် မောင်တောခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေးအစီအမံများကိုမေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ASEAN ERAT အဖွဲ့ဝင်များသည် ပြန်လည်နေရာချထားပေးမည့် ကျေးရွာများသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံကာသိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး ပြန်လည်နေရာချထားမည့် ကျေးရွာများတွင် UEHRD နှင့် အလှူရှင်နိုင်ငံများ၏အကူအညီများဖြင့် တည်ဆောက်ပြီးနှင့် တည်ဆောက် ဆဲနေအိမ်များကို သွားရောက်လေ့လာခဲ့ကြပါသည်။ မတ်လ(၁၁)ရက်နေ့တွင် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဦးဆောင်သည့် အစိုးရအဖွဲ့တာဝန်ရှိသူများအား တွေ့ဆုံပြီး ဆန်းစစ်တွေ့ရှိချက်များနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အာဆီယံမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးရန် ပြောကြား ခဲ့ပါသည်။
ထို့နောက် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများထံ ဆန်းစစ်တွေ့ရှိချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များကိုသက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်တင်ပြကာ ဆက်လက်ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

#hl1
#npw_mar2019

Sign Up

Upcoming Events