နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပမှုသတင်း

 

၂၀-၄-၂၀၁၈၊ နေပြည်တော်

နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အုပ်ချုပ်မှုပိုင်းကို ပိုမိုပီပြင်အောင် ဆောင်ရွက် နိုင်ရန်အတွက် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်သူများကို ပြန်လည်လက်ခံရာတွင်  ဥပဒေနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက်ရန် အတွက် ကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးဆောင်ရွက်ရမှုနှင့်ပတ်သက်၍ နှောင့်နှေးကြန့်ကြာမှုများ ရှိနေရခြင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်အရ (၂၃-၁-၂၀၁၈)ရက်နေ့မှစတင် လက်ခံဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေခဲ့သော်လည်း တရားဝင်ပြန်လည်ဝင်ရောက်လာခြင်းမရှိသည့်အတွက် နှောင့်နှေးကြန့်ကြာရသည့် အကြောင်းရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ သွားရောက်စုံစမ်းခဲ့ရာ အကြောင်းရင်းမှန်ကို သိရှိခဲ့ရသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းပြီး ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင် ပြန်လည်လက်ခံမည့်ပုံစံတွင် စနစ်တကျဖြည့်စွက် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ NVC နှင့် ပတ်သက်၍ NVC ကိုင်ဆောင်လျှင် ရရှိမည့်အကျိုးကျေးဇူး(၈)ချက်နှင့် မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ထုတ်ပြန်ပေးရန် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးပြီး နိုင်ငံပိုင် မီဒီယာများမှ တဆင့် ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ (၂)ခု ကိုလည်း ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက် သူများသည် (၂)နိုင်ငံသဘောတူညီချက်အတိုင်း လက်ခံရေး စခန်းများမှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး သတ်မှတ်ချက်များအတိုင်း NVC ကိုင်ဆောင်ပြီး ပြန်လည်လက်ခံ ရေးကြားစခန်းတွင် ခေတ္တ နေထိုင်ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးကြားစခန်းတွင် မိုးရွာပါက မြေသားများ  ရွှံ့ဗွက်ဖြစ်နိုင်ပါသဖြင့် လမ်းများအား ကျောက်ခင်းလမ်းများ၊ ရေထုတ်ပြွန်များ ဆောင်ရွက်သွားရန်ကိစ္စ၊ သယ်ယူပို့ဆောင် ရေးအတွက် တပ်မတော်မှမော်တော်ယာဉ်များ စက်သုံးဆီရရှိရေး စီမံဆောင်ရွက်ပေးရန်ကိစ္စ၊ လက်ခံရေးနှင့် ကြားစခန်းများတွင် အုပ်ချုပ်ရေးနှင့်ဆိုင်သည့်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးရန်ကိစ္စ၊ လယ်မြေများကို တာဝန်ယူဆောင်ရွက်ပေးမည့် အပိုင်းများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းပေးရန်ကိစ္စ၊ ကျွေးမွေးစားသောက်စရိတ်များ တိုးမြှင့်ပေးမည့်နှုန်းထားသတ်မှတ်ပေးရန်ကိစ္စ၊ ပြန်လည်နေရာချထားရေး အပိုင်း ဖြစ်သော နေအိမ်များတွင် သောက်သုံးရေနှင့်အိမ်သာကျင်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန် ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းမှာကြား ပါသည်။

ဆက်လက်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ လုပ်ငန်းစီမံချက် ရေးဆွဲတင်ပြရန် လိုအပ်ပါကြောင်း၊ အဓိကလိုအပ်နေသော လမ်းနှင့် တာများကို စနစ်တကျ အမြန်ဆုံးစီစဉ်ဆောင်ရွက်သွားရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုမှာကြားခဲ့ရာ အစည်းအဝေး သို့တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များက မိမိတို့ဝန်ကြီးဌာနများအလိုက် တာဝန်ယူထားရသည့်ကဏ္ဍများကို အသေးစိတ် အဆင့်ဆင့်ရှင်းလင်းတင်ပြ ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Sourc: MSWRR

Sign Up

Upcoming Events