UEHRD ၏ ရည်မှန်းချက်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်အတွင်း ရေရှည်ပဋိပက္ခကင်းဝေးရေး ကြိုးပမ်းမှုအဖြစ် မတူကွဲပြားမှုများအား ကောင်းစွာစီမံခန့်ခွဲခြင်း Diversity Management in the Age of Globalization ဖိုရမ်ကျင်းပပြုလုပ်မှုသတင်း

နေပြည်တော်၊ နိုဝင်ဘာလ(၂၂)ရက်

မတူကွဲပြားမှုများကြောင့် ဖြစ်ပွားလာနိုင်သောပြဿနာများ၊စိန်ခေါ်မှုများကို ထိရောက်စွာ ဖြေရှင်းကျော်လွှားနိုင်ရန်နှင့် မတူကွဲပြားမှုများ၏ စွမ်းပကားအခွင့်အလမ်းများကိုကောင်းမွန်စွာ အသုံးချစီမံခန့်ခွဲတတ်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ရခိုင်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး ဖောင်ဒေးရှင်းများနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်ရှိလူ့အဖွဲ့အစည်းနှစ်ရပ်မှ ကိုယ်စားလှယ်များ၊ ပြည်ပမှဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ ပါဝင်တက်ရောက်ကြသည့်   “ Diversity Management in the Age of Globalization” (၂) ရက်ကြာဖိုရမ်ကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ယနေ့စတင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွင်း တိုင်းရင်းသား မျိုးနွယ်စုများ မည်သို့ပင်ကွဲပြားစေကာမူ မတူကွဲပြားမှုကို ကောင်းစွာစီမံခန့်ခွဲတတ်ရန် လိုပါကြောင်း၊ အထူးသဖြင့်သတင်းအချက်အလက် အမှားများ၊အကြမ်းဖက်မှုများကြောင့် ရခိုင် ပြည်နယ်အတွင်းပဋိပက္ခများ မကြာခဏဖြစ်ပွားခဲ့ပြီး အစိုးရသစ်အနေဖြင့် လက်ရှိအတွက် သာမက နောင်မျိုးဆက်သစ်များအတွက်ရည်ရွယ်ပြီး ငြိမ်းချမ်း၍ သဟဇာတဖြစ်သော လူ့အဖွဲ့ အစည်းထူထောင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအဝှမ်း ငြိမ်းချမ်း ရေးတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၁ ရာစုပင်လုံညီလာခံကျင်းပပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Dr. Kofi Arnan ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရေး ကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးကို အားလုံးပါဝင်သည့်နည်းလမ်းဖြင့် တည်ဆောက်ပေးနိုင်ရန် UEHRD ကိုလည်း မကြာသေးမီကဖွဲ့စည်းခဲ့ပြီးနိုင်ငံတစ်ဝှမ်းရှိ လူမျိုး ဘာသာအသီးသီးမှ လူငယ်များက UEHRD ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြကြောင်း၊ မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်း သည် လက်တွေ့တွင် ခက်ခဲမည်မှန်သော်လည်းအားလုံး နီးနီးကပ်ကပ်ပေါင်းစည်း ဆက်သွယ်၍ ခိုင်မာသောသန္ဓိဌာန် များဖြင့် အဖြေရှာဆောင်ရွက်သွားစေ လိုပါကြောင်း၊ ရခိုင်ပြည်နယ်ရဲ့ ရေရှည်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် လူ့အဖွဲ့အစည်းနှစ်ခုအကြား အပြန်အလှန်ထား ရှိကြသည့်ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ရေးတွင် ယနေ့ကျင်းပသည့် ဖိုရမ်က တစ်ထောင့် တစ်နေရာက အကျိုးရှိထိရောက်စေလိမ့်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မတူကွဲပြားမှုကို စီမံ အုပ်ချုပ်ခြင်း (Managing Diversity) အယူအဆကို မိတ်ဆက်ပေးခဲ့ပြီး ယင်းတွင် မတူကွဲပြားခြင်းသည် ကမ္ဘာကြီး၏အလှတရားဖြစ်ပြီး မတူကွဲပြားမှုကို လက်ခံရမည်ဖြစ်ကာ အပြန်အလှန် လေးစားရ မည်ဖြစ်ကြောင်း၊ အတူယှဉ်တွဲနေထိုင်ရမည်ဖြစ်ကြောင်း၊ အစိုးသစ်အနေဖြင့် နိုင်ငံတိုး တက်ရေး အတွက် အာလုံးပါဝင်သောချဉ်းကပ်မှုဖြင့် ဆောင်ရွက်နေကြောင်း၊ ပဋိပက္ခဟူသည်မှာ တစ်ဦးနှင့် တစ်ဦးလေးစားမှုမဲ့ခြင်းကို အရင်းခံဖြစ်တည်လာကြောင်း၊ တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားလေးစား၍ စည်းလုံးညီညွတ်စွာဖြင့် အားလုံးပါဝင်လျက် နိုင်ငံတိုးတက်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် မတူသည်များပေါင်းစပ်ပြီးလှပသည့် နိုင်ငံအနာဂတ်ကို ဖန်တီးရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဖိုရမ်ကို နိုဝင်ဘာလ ၂၂ရက်နေ့နှင့် ၂၃ ရက်နေ့ (၂)ရက်တာ ကျင်းပမည်ဖြစ် ပြီး နေရပ်စွန့်ခွာရွှေပြောင်းမှု၊ ပြန်လည်နေရာချထားရေး၊ ကျား/မတန်းတူညီမျှမှုရှိရေး၊ အမုန်း တရား အခြေခံသည့် ရာဇဝတ်မှုကိုင်တွယ်ဖြေရှင်းရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံရေး သိပ္ပံအထူးကျွမ်းကျင်သည့် နိုင်ငံတကာမှပညာရှင်များအားဖိတ်ကြား၍ အရှေ့တောင် အာရှဒေသ၊ဥရောပ၊ အာဖရိက၊ မြောက်အမေရိက၊ သြစတြေးလျနှင့် အာရှတိုက်တို့ရှိနိုင်ငံ များ၏ မတူကွဲပြားမှုစီမံခန့်ခွဲခြင်း သဘောဝတရားနှင့် အတွေ့အကြုံများကိုဝေမျှသွား မည်ဖြစ်ပါသည်။

ဤဖိုရမ်ကိုကျင်းပခြင်းဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက် မှုများကို ကိုင်တွယ်ဖြေရှင်းနေသည့် အစိုးရဝန်ကြီးဌာနများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းများအကြား မတူကွဲပြားမှုများကိုသဟဇာတ ဖြစ်စေ ရန် စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက်နေမှုများအား နားလည်လာနိုင် စေရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ဘက်စုံချည်းကပ် ဆောင်ရွက်မှုများကိုသိရှိလာနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်ကို စုစုပေါင်း ကိုယ်စား လှယ်(၃၀၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

Sign Up

Upcoming Events