“လူမှုဝန်ထမ်းဥပဒေ” ထွက်ပေါ်လာရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စတင်ဆောင်ရွက်

 

13_pic01

နေပြည်တော်၊ ဇန်နဝါရီ (၁၂)ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ တာဝန်ခံဝန်ကြီးဌာနဖြစ်သည်နှင့်အညီ လူမှုဝန်ထမ်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းဆိုင်ရာဥပဒေ (မူကြမ်း) (Social Work Bill) ရေးဆွဲရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးအား (၁၂.၁.၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ် သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် Social Work ပညာရပ်ဆိုင်ရာ ပြင်ပ ပညာရှင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်လက်ထက်တွင် ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်ရန် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံနိုင်ရေးအတွက် တတ်နိုင်သလောက်ဆောင်ရွက်ကြရာမှာ ရေရှည်တည်တန့်တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းကို အသုံးပြုဆောင်ရွက်ဖို့ လိုပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ တတ်ကျွမ်းသူများနဲ့ ပညာရှင်တွေလိုအပ်ပါကြောင်း၊ အသိပညာပြည့်စုံသည့်အပြင် လက်တွေ့ကျွမ်းကျင်ပြီး၊ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့ Professional အသက်မွေးဝမ်းကျောင်း အဖြစ်ဆောင်ရွက်ပေးရန် လိုအပ်လာပါကြောင်း၊ အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်များကဲ့သို့ ပညာရပ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်သတ်မှတ်ခြင်း (Accreditation) လည်း လိုအပ်ပါကြောင်း၊ ြပည်သူလူထုအတွက် လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ ဝန်ဆောင်မှုများနှင့်အတူ အကူအညီရသူများ၏ အကျိုးဖြစ်ထွန်းမှုကို အာမခံချက်ပေးနိုင်ရန် လူမှုဝန်ထမ်းဆိုင်ရာ ဥပဒေပေါ်ထွက်လာရေးသည် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဆိုင်ရာဥပဒေ (မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် ဦးဆောင်ကော်မတီ၊ ပြုစုရေးသားရေးကော်မတီနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် ထိုကော်မတီများ၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ လူမှုဝန်ထမ်းဥပဒေ(မူကြမ်း)ကို ၂၀၁၇ ခုနှစ်အတွင်း ထွက်ပေါ်လာရေး အစီအစဉ် များချမှတ်ဆောင်ရွက် မည်ဖြစ်ပါသည်။

ဆက်လက်၍ နံနက် (၁၁) နာရီအချိန်တွင် UNFPA မှ Ms. Janet  E.Jackson (Representative for Myanmar) ဦးဆောင်သောအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား  အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့်ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)တို့ ကျား/မရေးရာနှင့်အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးလုပ်ငန်းများ ပူးတွဲဆောင်ရွက်မှုများ၊ လူငယ်မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်တို့၏အမြင်နှင့်စပ်လျဉ်း၍ သုတေသနဆောင်ရွက်နိုင်ရေး၊ လူငယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအတွက် ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေးအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်ဆောင်ရွက်လိုသည့်ကိစ္စ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာမှုအကူအညီပေးနေမှုများ၊ ထိုဒေသတွင် ကဏ္ဍစုံလိုအပ်ချက်ဆန်းစစ်မှုကို ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးရေး၊ UNFPAနှင့် လူမှုဝန်ထမ်းဦးစီးဌာန ပူးပေါင်း၍ လူငယ်များအလုပ်အကိုင်ရရှိစေရေး အစီအစဥ်များ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းအစည်း အဝေးကျင်းပရေး တို့ကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက်မွန်းလွဲ (၂) နာရီအချိန်တွင် Thales Thailand Ltd မှ Export Sales Manager ဖြစ်သူ Mr.Ronald MASSARD မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြင်သစ်နိုင်ငံအစိုးရမှမြန်မာနိုင်ငံအတွက် ချိုသာသော အတိုးနှုန်းဖြင့် ချေးငွေပေးအပ်ရန် အစီအစဉ်ရှိကြောင်းနှင့်Thales Thailandကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကို နိုင်ငံတော်အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ဒေသန္တရအဆင့်လိုက် အကောင်အထည်ဖေါ်မှု၊ ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများတွင် အကူအညီပေးရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events