နေပြည်တော်ကလေးပြုစုရေးဌာနတွင်စောင့်ရှောက်မည့် ကလေးငယ်များအတွက် အလှူရှင်များ၏လှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံ

ဇန်နဝါရီ ၁၇ ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ရင်ခွင်မဲ့ကလေးသူငယ်များအတွက် စေတနာရှင် များ၏ စုပေါင်းလှူဒါန်းမှုကို  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ကလေးပြုစုရေးဌာန (နေပြည်တော်)စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချ ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ စုစုပေါင်း (၂၃)ဦးတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် လူသားစွမ်းရည်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အနာဂတ်မြန်မာနိုင်ငံ အတွက် အရေးကြီးပါကြောင်း၊ စွမ်းရည်ပြည့်ဝသော လူသားစွမ်းရည်အရင်းအမြစ်များ ပေါ်ထွန်းလာရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝသည် အရေးပါသောကဏ္ဍ ဖြစ်ပါကြောင်း၊

ရှေးဦးအရွယ်ကလေးသူငယ်ဘဝကို အသက်(၈)နှစ်အရွယ်အထိ သတ်မှတ်ထားပြီး ထိုကာလထဲတွင်   အသက်အရွယ်အပိုင်းအခြားအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ကလေး သူငယ်အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်ရှောက်ခံ ပိုင်ခွင့်နှင့် ပါဝင်ခွင့်တို့ကိုအကောင်အထည်ဖော်ရာတွင် အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုး တိုးတက်ရန်  အစောင့်ရှောက်ခံပိုင်ခွင့်သည် အရေးအကြီးဆုံးအချက် ဖြစ်ပါကြောင်း၊

မိဘအစုံအလင်နှင့် မိဘရင်ခွင်ထဲတွင် စောင့်ရှောက်မှုခံရပြီး အသက်ရှင်သန်ခွင့် ရသော ကလေးများသည် အကောင်းဆုံး ဖွံ့ဖြိုးမှုအခြေအနေကို ရရှိကြမှာဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိဘရင်ခွင်မှာ ခိုလှုံခွင့် မရကြသူများ၊ စွန့်ပစ်ခံကြရသူများသည် ရင်ခွင်မဲ့များ ဖြစ်ကြကြောင်း၊ ဒီလိုကလေးမျိုးတွေကို ကလေးသူငယ်အခွင့်အရေးအရ အစောင့်ရှောက်ခံရရေး မဖြစ်မနေဆောင်ရွက်ပေးရမှာဖြစ်၍ အစိုးရကပြုစုစောင့်ရှောက်ပေး လျက်ရှိပြီးပရဟိတများ၊လူမှုအဖွဲ့အစည်းများကလည်း ဆောင်ရွက်ပေးလျက်ရှိကြပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် အဆိုပါလုပ်ငန်းကို ခေတ်စနစ်နှင့်အညီဆောင်ရွက်ရန် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကလေးသူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဥပဒေကို ၂၀၁၈ခုနှစ်ကတည်းက အသစ်ပြန်လည်ပြဌာန်းခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊

လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ် များကို အသက်(၆)လမှစတင်၍ စောင့်ရှောက်ပေးလျက်ရှိပြီး ကလေးပြုစုရေးဌာန(၇)ခုကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ ပုသိမ်နှင့် စစ်တွေမြို့တို့တွင် ကလေးငယ် ဦးရေ (၁၀၀)ဆံ့ ကလေးပြုစုရေးဌာနများကို ဖွင့်လှစ်ပြီး ပြုစုပျိုးထောင်ပေးလျက်ရှိပါ ကြောင်း၊ ယခုအခါတွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် နေပြည်တော်တွင် ဦးရေ (၁၀၀)ဆံ့ ကလေးပြုစုရေးဌာနအသစ်(၁)ခုကို မြန်မာနိုင်ငံ၏ (၈)ခုမြောက် ကလေးပြုစုရေးဌာနတစ်ခု အဖြစ် ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါကြောင်း၊

ကလေးပြုစုရေးဌာနများတွင် အသက်(၃) လမှ (၈)နှစ်အထိ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အသက်(၈)နှစ်ကျော်ပါက ရန်ကုန်မြို့ရှိ  လူငယ်သင်တန်း ကျောင်း (၃)ကျောင်းနှင့် အမျိုးသမီးသင်တန်းကျောင်း (၂)ကျောင်း၊ မန္တလေးမြို့ရှိ  လူငယ် သင်တန်းကျောင်း (၂)ကျောင်းနှင့် အမျိုးသမီးသင်တန်းကျောင်း (၁)ကျောင်း၊ မော်လမြိုင်၊ လပွတ္တာ၊ လားရှိုးမြို့များရှိ လူငယ်သင်တန်းကျောင်း(၁)ကျောင်းစီတို့တွင် ပညာသင်ကြားရေး၊ အလုပ်အကိုင်ရရှိရေးများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

အစိုးရအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှစ၍ ဥပဒေနှင့်အညီ ကလေးသူငယ် များ၏ အခွင့်အရေး (၄)မျိုးကို အပြည့်အဝရရှိစေရေး ဖော်ဆောင်ပေးရာတွင် ရင်ခွင်မဲ့ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ပေးမှသာ ကလေးအားလုံးတစ်ပြေးညီ သာတူ ညီမျှ ခံစားရရှိစေမှာ ဖြစ်ပါကြောင်း၊

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်တည်းသာ ဆောင်ရွက်၍မရဘဲ စေတနာရှင်များ၊ ပရဟိတများ၊ လူမှုအဖွဲ့အစည်းများပါ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  ပြင်ပကလေးပြုစုစောင့်ရှောက်ရေးဌာများနှင့် ပရဟိတဂေဟာများမှ ကလေးငယ်များကို စနစ်တကျပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ရေးနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်း များကိုလည်း ၂၀၁၇ခုနှစ်ထဲက ထုတ်ပြန်ထားရှိပြီး ကြီးကြပ် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာများကို ငွေကြေးနှင့်နည်းပညာအကူအညီများ ထောက်ပံ့ကူညီပေးလျက်ရှိပါကြောင်း၊

မကြာမီ ဖွင့်လှစ်တော့မည့်  (၈) ခုမြောက် နေပြည်တော်ကလေးပြုစုရေးဌာန  အဆောက်အဦကို လှူဒါန်းပေးသော မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်များ၊ ပူးပေါင်းဆောင်ရွက်ကြသည့် မြန်မာနိုင်ငံအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးများ ပြုစုစောင့်ရှောက်ရာတွင် အသုံးပြုရန်လိုအပ်သော ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မှုခံယူကြမည့် အသက်(၈)နှစ်အထိ ရှေးဦး အရွယ် ကလေးသူငယ်များသည် စနစ်ကျသော ပြုစုပျိုးထောင်ခြင်းများနှင့် ကာကွယ် စောင့်ရှောက်ခြင်းများကို ရရှိကြမှာဖြစ်သည့်အတွက် အကောင်းဆုံးသော သင်ယူနိုင်မှု စွမ်းရည်နှင့်ပြည့်ဝပြီး အခြေခံပညာ၊ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာများကို သင်ယူနိုင်စွမ်းနှင့်အတူ ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းပညာရပ်များကို ရရှိနိုင်မှာ ဖြစ်ကြောင်း၊ အနာဂတ်တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်များအတွက် ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှုဖြစ်ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အဆောက်အဦကို ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း၊ အဆောက်အဦအတွင်းပိုင်းအတွက် လိုအပ်သည့်ပစ္စည်းများကို ဆက်လက်လှူဒါန်း နိုင်ခြင်းတို့နှင့်ပတ်သက်၍ အလှူရှင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှူဒါန်းသည့်ပစ္စည်းများကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှတဆင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အဆောက်အဦအတွင်းပိုင်းပြင်ဆင်ရေးနှင့် လိုအပ်သည့်ကိစ္စရပ်များအတွက် ပစ္စည်းတန်ဖိုး စုစုပေါင်း (၅၃,၈၁၉,၄၀၀) (ကျပ်သိန်းငါးရာ သုံးဆယ့်ရှစ်သိန်း တစ်သောင်း ကိုးထောင့် လေးရာ)ကိုလည်းကောင်း၊

Diplomatic and International Golfers’ Affiliation of Yangon (DIGAY) အဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ Min Tun  Company Limited, ဒေါ်အမာဝေ (အထောက်အကူပြုအဖွဲ့ဝင်) မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို) နှင့် Camera Baby World Company Limited တို့က စုစုပေါင်းငွေကျပ် (၅,၆၉၉,၇၀၀) (ကျပ်ငါးဆယ့် ခြောက်သိန်း ကိုးသောင်း ကိုးထောင့် ခုနစ်ရာ) တန်ဖိုးရှိ ကလေး အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ယနေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  COVID – 19 ကပ်ရောဂါဆိုင်ရာ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jan2021

Source: MOSWRR

Sign Up

Upcoming Events