မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၀)

===========================
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်)
(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
====================================


(က) မုန်တိုင်းငယ်အခြေအနေ
———————————–
(၁) ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomalee)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၃၇၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ(Kanyakumari)မြို့၏ အရှေ့ဘက် ရေမိုင် (၅၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
——————————————————————————-
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု (၇.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။
(ဂ) နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်
———————————————-
အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက် မြောက်ဘက်သို့ ရေွ့လျားကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

Sign Up

Upcoming Events